မန်ယူအသင်းကနေ မြို့ခံပြိုင်ဘက် မန်စီးတီးကို ပြောင်းရွှေ့ခဲ့ရတဲ့ အဓိကအကြောင်းရင်းဟာ နည်းပြ ဖာဂူဆန် ကတိမတည်ခဲ့တာကြောင့်ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ တိုက်စစ်မှူးဟောင်း တီဗက်ဇ်ရဲ့ အင်တာဗျူး။
ဖာဂူဆန် ကတိမတည်ခဲ့လို့ မန်ယူကနေထွက်ခဲ့ရတာလို့ အာဂျင်တီးနားတိုက်စစ်မှူးဟောင်း တီဗက်ဇ်က ဖွင့်ဟပြောဆိုလိုက်ပါတယ်။
ရီယိုဖာဒီနန်နဲ့ Podcast အစီအစဥ်မှာ တီဗက်ဇ် ပြောခဲ့တာပါ။ တီဗက်ဇ်က မန်ယူအသင်းကနေ ခါးသီးတဲ့မြို့ခံပြိုင်ဘက်
မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့လို့ မန်ယူပရိသတ်တွေရဲ့အမုန်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
မန်စီးတီးကိုရောက်ပြီးနောက် တီဗက်ဇ်က မန်ယူပရိသတ်တွေပိုလို့မုန်းတီးစေမယ့်အပြုအမူတွေ လုပ်ခဲ့သလို၊ မန်ယူနည်းပြဖာဂူဆန်ကိုလည်း စော်ကားပြောဆိုခဲ့ပါတယ်။
မန်စီးတီးအသင်းနဲ့အတူ ၂၀၁၂ ခုနှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တော့ တီဗက်ဇ်က " RIP Ferguson" ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီးအောင်ပွဲခံခဲ့ပါတယ်။
" ဖာဂီက ကတိမတည်ခဲ့ပါဘူး။ အငှားစာချုပ်ပြည့်ရင် တစ်နှစ်သက်တမ်းတိုးမယ်လို့ပြောပေမယ့် တကယ်ဖြစ်မလာပါဘူး။
မန်စီးတီးကိုမပြောင်းခင် နွေရာသီအပြောင်းအရွှေ့ကာလမှာ ဖာဂူဆန်က ဘာဘာတော့ဗ်အတွက် ငွေသုံးခဲ့ပါတယ်။ ကျွန်တော့်ကိုတော့ စိတ်မပူနဲ့
မင်းအတွက်လည်း ငွေသုံးမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။ စာချုပ်သစ်ချုပ်မယ်ဆိုပြီးပြောခဲ့ပါတယ်။ ဒါပေမဲ့ သူကတိမတည်ခဲ့ပါဘူး။
သူပြောတဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။ မန်ယူအတွက် ကျွန်တော့်နှလုံးသားကိုပေးခဲ့တာပါ။ ဒါပေမဲ့တူညီတဲ့အရာပြန်မရခဲ့ဘူး။
မန်စီးတီးကို ပြောင်းခဲ့လို့ မန်ယူပရိသတ်တွေဒေါသထွက်ခဲ့ကြပြီး နောက်ကွယ်ကဖြစ်ရပ်တွေကို မသိခဲ့ဘူး" လို့ တီဗက်ဇ်က ဖာဒီနန်ကို ပြန်ပြောပြခဲ့တယ်။
တီဗက်ဇ်က မန်ယူအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် အောင်ပွဲတွေရခဲ့တာကလည်း မမေ့နိုင်စရာအမှတ်တရတွေလို့ပြောခဲ့ပါတယ်။
မန်ယူအသင်းပရိသတ်တွေက ရွန်နီ၊ တီဗက်ဇ်၊ စီရော်နယ်လ်ဒိုတိုက်စစ်အစုအဖွဲ့နဲ့အတူ ခမ်းနားလွန်းတဲ့ရွှေအိုရောင်ကာလတွေကို လွမ်းမောနေဦးမယ်ထင်ပါတယ်။