၉ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပေမဲ့ ရာထူးကနေ ထုတ်ပယ်မခံရသေးဘဲ ၁၀ ပွဲဆက် နိုင်ပွဲပျောက်မယ့် မှတ်တမ်းဆိုးကို ရှောင်လွှဲဖို့ ရိုးမားနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သေရေးရှင်ရေး ရင်ဆိုင်ရမယ့် မန်ယူနည်းပြ မိုက်ကယ်ကာရစ်ရဲ့ မရေမရာ အနာဂတ်အကြောင်း သုံးသပ်ချက်။
မန်ယူအသင်းနည်းပြအဖြစ် ဆက်ရှိခွင့်ရလို့ တခြားသူတွေမဆိုထားနဲ့၊ ကာယကံရှင်ဖြစ်တဲ့ မိုက်ကယ်ကာရစ်ကိုယ်တိုင် အံ့အားသင့်နေပါလိမ့်မယ်။
သူ့အနေအထားက ထုတ်ပယ်ခံရသင့်ပါပြီ။
နှစ်ပေါင်းလေးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မန်ယူက ၉ ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးနေတာပါ။ လာမယ့်ရိုးမားနဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာသာ
နိုင်ပွဲထပ်ပျောက်ရင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ၁၀ ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးတဲ့ မှတ်တမ်းဆိုးပိုင်ဆိုင်ရမှာဖြစ်ပါတယ်။
ရိုးမားက လက်ရှိရာသီမှာ ထက်မြက်တိုက်စစ် ပုံဖော်နေပြီး ရီးယဲလ်တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားပါတယ်။
အဲဒီပွဲမှာလည်း ရိုးမားအသင်းက ရီးယဲလ်ကို ပွဲပြီးဆုံးဖို့ ၇ မိနစ်အလိုအထိ ၃ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်မှာ အဆင့် ၁၇ ရောက်နေတဲ့မန်ယူက ချန်ပီယံလိဂ်မှာလည်း အဆင့် ၂၁ နေရာရောက်ပြီး အခြေအနေမကောင်းပါဘူး။
အက်သလက်တီကိုနဲ့ ကိုမိုအသင်းတွေကိုဆက်တိုက်ရှုံးနိမ့်ထားလို့ အခု ရိုးမားနဲ့ပွဲမှာ ရလဒ်ထပ်ဆိုးရင် နောက်တစ်ဆင့်တက်ဖို့ ခက်သွားပါလိမ့်မယ်။
မိုက်ကယ်ကာရစ်က " ရလဒ်ဆိုးတွေကြောင့် ကျွန်တော် ရူးချင်သလိုဖြစ်နေလိမ့်မယ်လို့ ခင်ဗျားတို့ တွေးနိုင်ပါတယ်။
ဒါပေမဲ့ ကျွန်တော်က နောက်တစ်ပွဲအတွက်စောင့်မနေနိုင်တော့ပါဘူး။ ရှေ့ကိုပဲတွေးနေပါတယ်။ အနာဂတ်မှာဘာဖြစ်မလဲဆိုတာ ဘယ်သူမှ
ကြိုမသိနိုင်ပေမယ့် ရိုးမားနဲ့ပွဲမှာ ခမ်းနားတဲ့ညဖြစ်လာအောင် ဖန်တီးပြပါမယ်" လို့ ပြောလိုက်ပါတယ်။
ပြီးတော့ မိုက်ကယ်ကာရစ်က မန်ယူအသင်းအဝတ်လဲခန်းထဲမှာလည်း အေးဆေးတည်ငြိမ်နေတယ်လို့ ရှင်းပြခဲ့တယ်။
မာတီနက်ဇ်ဖြစ်ရပ်ကြောင့် မန်ယူအသင်းအဝတ်လဲခန်းထဲ စည်းလုံးမှုပြိုကွဲနေပြီလို့ သတင်းတွေထွက်နေတာပါ။
မန်ယူအသင်းသားတွေက မိုက်ကယ်ကာရစ်အတွက် မကစားပေးချင်တော့ဘူးဆိုပြီးကောလာဟလတွေလည်း ထွက်နေပါတယ်။
မန်ယူက ရူးလောက်စရာရလဒ်ဆိုးတွေ ရင်ဆိုင်ရပေမယ့် မိုက်ကယ်ကာရစ်ကိုဆက်လက်ယုံကြည်နေဆဲပါ။
အဲဒီစွန့်စားခန်းက အလျော်အစားကြီးပြီး ဘာတွေဆုံးရှုံးနစ်နာဦးမလဲ၊ ဒါမှမဟုတ် ရိုးမားနဲ့ပွဲက Turning Point ဖြစ်လာမလား။ မန်ယူရဲ့အနာဂတ်က မရေမရာနိုင်လွန်းပါတယ်။