ရိုးမားကို ၂ ဂိုးပြတ် ရှုံးနိမ့်နေရာကနေ ဒုတိယပိုင်းမှာ ၃ ဂိုးပြန်သွင်းပြီး မန်ယူအသင်းကို နိုင်ပွဲပြန်ရစေခဲ့တဲ့ နည်းပြ မိုက်ကယ်ကာရစ်ရဲ့ ဖာဂီစတိုင် Half Time Speech နဲ့ အိုးလ်ထရက်ဖို့ဒ်ရဲ့ အံ့ဖွယ်ည သုံးသပ်ချက်။
မိုက်ကယ်ကာရစ်နဲ့ မန်ယူက အကျပ်အတည်းကာလကနေ ခေတ္တလွတ်မြောက်ခဲ့ပါတယ်။
ရိုးမားကို နှစ်ဂိုးဂိုးမရှိနဲ့ ရှုံးနေရာကနေ ဒုတိယပိုင်းမှာ သုံးဂိုးသွင်းပြီး Great Comeback ဖန်ဆင်းပြခဲ့တာပါ။
ဒီရာသီမှာမန်ယူကစားသမားတွေဆီကနေ မန်ယူDNA အလွယ်တကူအရှုံးမပေးတဲ့စိတ်ဓာတ်ကို ပထမဆုံး မြင်ခွင့်ရတာဖြစ်ပါတယ်။
အခုပွဲမှာကံတရားကလည်း မန်ယူဘက်မှာရှိခဲ့ပါတယ်။ ပထမချေပဂိုးဖြစ်လာမယ့်ပယ်နယ်တီအခွင့်အရေးကို ဘရူနိုဖာနန်ဒက်စ် ကန်သွင်းရာမှာ
ရိုးမားဂိုးသမားပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်ပယ်နယ်တီကန်ချိန်မှာ ရိုးမားက ခရစ္စတီယန်တီက ဂိုးဧရိယာထဲ ခြေတစ်လှမ်းဝင်ရောက်ခဲ့လို့
စည်းမျဥ်းအရပြန်ကန်ခွင့်ရခဲ့တာပါ။ နောက်တစ်ကြိမ်ကန်ချိန်မှာတော့ ဘရူနိုဖာနန်ဒက်စ်က အမှားအယွင်းမရှိဘဲပထမချေပဂိုးသွင်းယူပေးခဲ့ပါတယ်။
မန်ယူအတွက်ဒုတိယချေပဂိုးနဲ့ အနိုင်ဂိုးကိုတော့ ကူညာက အစွမ်းပြပြီးသွင်းယူပေးခဲ့တာပါ။
မန်ယူရဲ့အခုနိုင်ပွဲမှာအရေးကြီးဆုံးအရာက မိုက်ကယ်ကာရစ်ရဲ့Speech ပါပဲ။
ပထမပိုင်းအပြီးမှာ မိုက်ကယ်ကာရစ်က မန်ယူကစားသမားတွေ စိတ်ဓာတ်ပြန်လည်တက်ကြွလာအောင် လှုံဆော်ပေးခဲ့တာပါ။
မိုက်ကယ်ကာရစ်ပြောခဲ့သမျှ စကားလုံးတွေက ဒီလိုပါ။
" ပထမပိုင်းပြီးဆုံးချိန်မှာ ကစားသမားတွေကို ပိုပြီး အကောင်းမြင်စေချင်ခဲ့တာပါ။ အရမ်းစိတ်ပျက်အားလျော့တာ၊ စိတ်အနှောင့်အယှက်ဖြစ်တာမျိုး မဖြစ်စေချင်ခဲ့ပါဘူး"
တစ်ခုခုကို အစဉ်တစိုက် ကြိုးစားလုပ်ဆောင်နေတဲ့အခါ အလွယ်ဆုံးလုပ်မိတတ်တာက ကိုယ့်ကိုယ်ကိုယ် သနားပြီး အားလျော့သွားတာပါပဲ။
တစ်ခုခု မှားယွင်းသွားရင် စိတ်ပျက်မိကြတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်နေလို့ ဘယ်သူ့အတွက်မှ အကျိုးရှိမှာ မဟုတ်ပါဘူး။
အဲဒီလိုသာဆိုရင် ကျွန်တော်တို့အားလုံး အိမ်ပြန်လိုက်ကြတာပဲ ကောင်းပါလိမ့်မယ်။
ကျွန်တော်တို့ဟာ နောက်ထပ်အခွင့်အရေးတစ်ခု၊ နောက်ထပ်ဖြေရှင်းနည်းတစ်ခုကို ဆက်လက်ရှာဖွေနေရပါမယ်။
" အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးရဲ့ အစွမ်းနဲ့ သမိုင်းကြောင်း၊ အရင်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ကစားသမားတွေနဲ့ အမြဲတမ်းပြောနေဖို့ ကျွန်တော် မနှစ်သက်ပါဘူး။
ဒါပေမဲ့ အဲဒီအရာတွေကတော့ ဒီနေရာမှာ ရှိနေဆဲပါပဲ"
" ဒီကွင်းကြီးဟာ အံ့ဖွယ်အရာတွေကို ဖန်တီးပေးနိုင်တဲ့ နေရာတစ်ခုပါ။ အရင်ကလည်း ဒီလိုအရာတွေ ဖြစ်ပျက်ခဲ့ဖူးသလို အနာဂတ်မှာလည်း အကြိမ်ကြိမ် ဖြစ်လာဦးမှာပါ။
ဒီကွင်းကြီးမှာ ထူးခြားတဲ့အရာတစ်ခု ရှိနေပါတယ်။ အထူးသဖြင့် ဒီလိုညမျိုးတွေမှာ ကျွန်တော်တို့ဟာ အရာရာကို ခက်ခက်ခဲခဲ ဖြတ်သန်းပြီးမှ အောင်မြင်မှုရတတ်ကြတာပါ"
" အခိုက်အတန့်လေးတစ်ခုကပဲ အရာအားလုံးကို ပြောင်းလဲသွားစေနိုင်ပါတယ်"
" ပွဲတစ်ပွဲလုံးရဲ့ အခြေအနေကိုလည်း လုံးဝပြောင်းပြန်ဖြစ်သွားစေနိုင်ပါတယ်။ အဲဒီအကြောင်းကို ကစားသမားတွေနဲ့ ကျွန်တော် ဆွေးနွေးခဲ့ပါတယ်။
အရာအားလုံး ပြောင်းလဲစေမယ့် အခိုက်အတန့်တစ်ခုကို အတူ ဖန်တီးကြရအောင်လို့ ပြောခဲ့တာပါ။
နောက်ဆုံးမှာတော့ ကျွန်တော်တို့ အဲဒီလိုအခိုက်အတန့်မျိုးကို ပိုင်ဆိုင်ခဲ့ပါတယ်။" လို့ မိုက်ကယ် ကာရစ် ပြောပြီးလှုံဆော်ပေးခဲ့တာပါ။
ပထမပိုင်းမှာသုံးစားမရတဲ့ မန်ယူကစားသမားတွေဟာ
ဒုတိယပိုင်းမှာ အသွင်ပြောင်းခဲ့တာဟာ မိုက်ကယ်ကာရစ်ရဲ့ဖာဂီစတိုင် Half Time Speech ကြောင့်ဖြစ်ပါတယ်။
မန်ယူအသင်းကအလင်းရောင်လေးစမြင်ရပြီထင်တယ်။