အာဆင်နယ်အသင်းကို ရောက်ရှိလာပြီးနောက် တိုက်စစ်နဲ့ ခံစစ် ဟန်ချက်ညီညီ စွမ်းဆောင်ပြနိုင်လို့ နည်းပြ အာတီတာ ကိုယ်တိုင် 'မီးပြတိုက်' လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ကွင်းလယ်လူ ဒက်ဂလန်ရိုက်စ်ရဲ့ စွမ်းဆောင်ရည် သုံးသပ်ချက်။
သူက မီးပြတိုက်တစ်ခု၊ သူက အာဆင်နယ်သမိုင်းတစ်လျှောက် အကောင်းဆုံးကွင်းလယ်လူတစ်ဦး၊
အနာဂတ် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်၊ အဲဒီတင်စားချက်တွေ ဝန်းရံခံထားရသူက ဒက်ဂလန်ရိုက်စ်ပါ။
အာဆင်နယ်ကိုရောက်လာပြီးနောက် အဆုတ်နှစ်ခု ပါသလိုမျိုး ပေးဆပ်ကစားပြခဲ့သူဟာ ဒက်ဂလန်ရိုက်စ်ပါပဲ။
အာဆင်နယ်ရဲ့ ချန်ပီယံကာကွယ်ပွဲအတွက် ထူးချွန်စွာပေးဆပ်ထားသူလည်း ဖြစ်ပါတယ်။
လက်ရှိရာသီပရီးမီးယားလိဂ်မှာ ဒက်ဂလန်ရိုက်စ်က ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပြီး အများဆုံးကစားသမားအဖြစ် ရပ်တည်နေတယ်။
၂၀၂၃ ခုနှစ်မှာ အာဆင်နယ်ကို ရောက်လာပြီးနောက် ဒက်ဂလန်ရိုက်စ် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၅၅ ကြိမ်အထိ ပြုလုပ်ထားပါတယ်။
သူ့ရဲ့ အဓိကအားသာချက်ဖြစ်တဲ့ စွမ်းအင်ပြည့်ဝမှုနဲ့ မဆုတ်မနစ် ကစားနိုင်စွမ်းအပြင် တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ပါ ထက်မြက်နေတယ်။
Lighthouse ဆိုပြီး ဒက်ဂလန်ရိုက်စ်ကို Nickname ပေးထားတဲ့ အာတီတာက ရာသီကုန်ရင် နောက်ထပ် Nickname အသစ်ပေးမယ်လို့
ခပ်ရွှင်ရွှင်လေး ပြောခဲ့ပါတယ်။ ပြီးတော့ ဒက်ဂလန်ရိုက်စ်ကို အခုထက်ပိုကောင်းတဲ့စွမ်းရည်နဲ့ မြင်ရလိမ့်မယ်လို့ အာတီတာ ယုံကြည်နေတယ်။
ဒက်ဂလန်ရိုက်စ်ကလည်း "လက်ရှိရာသီမှာ ကျွန်တော် ပြောင်းလဲ ကစားရတဲ့ ပုံစံနဲ့ နေရာက အကိုက်ညီဆုံး ဖြစ်ပါတယ်။
ကျွန်တော်က နံပါတ် ၈ နေရာမှာလည်း ကစားခဲ့ဖူးတယ်။ နံပါတ် ၆ နေရာမှာလည်း ကစားခဲ့ဖူးတယ်။ ကွင်းလယ်နေရာအနှံ့မှာ ကစားခဲ့ဖူးပါတယ်။
ဒါပေမဲ့ ကျွန်တော်နဲ့ အကိုက်ညီဆုံးနေရာကတော့ အခုကစားနေတဲ့နေရာပါပဲ။ လက်ရှိရာသီမှာ ကျွန်တော်က တိုက်စစ်ပိုင်းကို ပိုမိုအာရုံစိုက်ပြီး ကစားနေပါတယ်။
ဂိုးဖန်တီးမှုတွေ၊ ဂိုးသွင်းခွင့်တွေ ဖန်တီးပေးဖို့နဲ့ ရလဒ် အပြောင်းအလဲဖြစ်စေနိုင်တဲ့ အခိုက်အတန့်တွေ ဖန်တီးသွားမှာပါ။
တစ်ချိန်တည်းမှာပဲ ခံစစ်ပိုင်း ကူညီပေးတာ၊ အသင်းရဲ့ ကစားကွက်ကို ချိတ်ဆက်ပေးတာနဲ့ ကစားကွက်
တည်ဆောက်မှုအပိုင်းမှာပါဝင်ပတ်သက်နေရတာတွေဟာ ကျွန်တော့်အတွက်အဆင်ပြေဆုံး ကစားဟန် ဖြစ်ပါတယ်" လို့ပြောပါတယ်။
ဒက်ဂလန်ရိုက်စ်က ရာသီတစ်ခုလုံးစာ ဟန်ချက်ညီအောင် တစ်ပတ်သုံးပွဲနှုန်းကစားရမယ်ဆိုပြီး ပြောဖူးတယ်။
အဲဒီစကားအတိုင်း သူက မမောနိုင်မပန်းနိုင် ကစားပြလို့ တံကောက်ကြောဒဏ်ရာရခဲ့ဖူးပါတယ်။
အာဆင်နယ်ကစားသမားဆိုရင် အကောင်းသိပ်မပြောတတ်တဲ့ ကာရေဂါက " အာဆင်နယ်သမိုင်းတစ်လျှောက်
အကောင်းဆုံးကွင်းလယ်လူက ဒက်ဂလန်ရိုက်စ်ပါ။ သူက ပရီးမီးယားလိဂ်အကောင်းဆုံးကွင်းလယ်လူဆိုတာ သေချာပါတယ်" လို့ချီးကျူးခဲ့တယ်။
အာဆင်နယ်ကစားသမားဘဝ လေးရာသီမြောက်မှာ တစ်ပွဲပျမ်းမျှ သွင်းဂိုးပါဝင်ပတ်သက်မှုအကောင်းဆုံး မှတ်တမ်းကိုလည်း ဒက်ဂလန်ရိုက်စ် ပိုင်ဆိုင်ထားပါတယ်။
အာဆင်နယ်ရဲ့ မီးပြတိုက်ဆိုတဲ့တင်စားမှုဟာ ဒက်ဂလန်ရိုက်စ်နဲ့ လိုက်ဖက်လွန်းပါတယ်။
အာဆင်နယ်ရဲ့အောင်ပွဲတွေအတွက် မီးပြတိုက်ပေါ့။