ယော်အိုပတ်ဒရိုရဲ့မခံချင်စိတ်မီးတောင်ဟာ ထိန်းချုပ်မရနိုင်ဘဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲနေတယ်။
ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီရဲ့အမေ့လျော့ခံ တိုက်စစ်ကစားသမားဟာ ကမ္ဘာ့ဖလားကစားခွင့်
လွဲချော်ပြီးနောက် အတော်လေးခံစားခဲ့ရတယ်။ မခံချင်စိတ် ပြင်းထန်ခဲ့ရတယ်။
ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကို ဖယ်ရှားမယ့်သူ
ယော်အိုပတ်ဒရိုရဲ့မခံချင်စိတ်မီးတောင်ဟာ ထိန်းချုပ်မရနိုင်ဘဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲနေတယ်။
ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီရဲ့အမေ့လျော့ခံ တိုက်စစ်ကစားသမားဟာ ကမ္ဘာ့ဖလားကစားခွင့်
လွဲချော်ပြီးနောက် အတော်လေးခံစားခဲ့ရတယ်။ မခံချင်စိတ် ပြင်းထန်ခဲ့ရတယ်။
ဒီလိုနဲ့ပဲ ပရီးမီးယားလိဂ်ရာသီသစ်စတင်ချိန်မှာ ယော်အိုပတ်ဒရိုက သူ့တန်ဖိုးသူပြသလိုက်တယ်။
ပရီးမီးယားလိဂ်အစ ပထမဆုံးလမှာပဲ ယော်အိုပတ်ဒရိုက အကောင်းဆုံးကစားသမားဆု ပိုင်ဆိုင်တဲ့အထိ ထူးချွန်ခဲ့တယ်။
သူကချယ်လ်ဆီးရဲ့ရာသီသစ်ပရီးမီးယားလိဂ်သုံးပွဲမှာ ၂ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးခဲ့တယ်။
ချယ်လ်ဆီးတိုက်စစ်မှာ ရော်ဂျာစ်၊ပါလ်မာတို့နဲ့အတူ R2P တိုက်စစ်ကို ဟန်ချက်ညီစွာ သရုပ်ဖော်နေတယ်။
အလွန်ဆိုက ယော်အိုပတ်ဒရိုရဲ့ကစားဟန်က ဘန်ဇီမာနဲ့တူညီပြီး ဟာလန်းလိုမျိုး အဆုံးသတ်စွမ်းရည် ရှိသူလို့ အမွှမ်းတင်ပါတယ်။
ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုဟာ ချယ်လ်ဆီးရပ်ဝန်းဆီ မရောက်လာတာကြာပြီ။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ပါလ်မာပိုင်ဆိုင်ပြီးနောက် ချယ်လ်ဆီးကစားသမားတွေနဲ့ ဝေးကွာခဲ့တယ်။
အခုကျမှ ယော်အိုပတ်ဒရိုက ချယ်လ်ဆီးကိုယ်စားပြုပြီး ရခဲ့တာပါ။
အလွန်ဆိုက " ပရီးမီးယားလိဂ်မှာ ထိပ်တန်းတိုက်စစ်မှူး အများကြီးမရှိပါဘူး။ ဟာလန်းက ထိပ်တန်းတိုက်စစ်မှူး
ဖြစ်တယ်ဆိုရင် ယော်အိုပတ်ဒရိုကလည်း အလားတူပါပဲ" လို့ ပြောပါတယ်။
လက်ရှိရာသီမစခင်မှာ ယော်အိုပတ်ဒရိုက ချယ်လ်ဆီးနဲ့ ၂၀၃၄ ခုနှစ်အထိစာချုပ်သက်တမ်း တိုးခဲ့ပြီး
ကျောနံပါတ် ၉ ဆက်ခံခွင့်ရခဲ့တယ်။
ချယ်လ်ဆီးမှာ ကျောနံပါတ် ၉ ကျိန်စာမိနေတာ ကြာပါပြီ။ ချယ်လ်ဆီးမှာ ကျောနံပါတ် ၉ ဆင်မြန်းတဲ့ကစားသမားတွေ
ကံဆိုးမိုးမှောင်ကျနေတာကြာပြီ။ တောရက်စ်လိုကမ္ဘာပတ်ပြီးဂိုးသွင်းလာသူ၊ အူဘာမီယန်းလိုအဆုံးသတ်သမားကောင်းတွေဟာ
ချယ်လ်ဆီးမှာ ကျောနံပါတ် ၉ ဝတ်ဆင်ခွင့်ရပြီးနောက် ကိုယ်ရည်ကိုယ်သွေး သံချေးတက်သွားပါတယ်။
လူကာကူ၊ ဟီဂွာအင်၊ ဖယ်လ်ကာအို၊ မိုရာတာတို့လည်းကျောနံပါတ် ၉ ကျိန်စာသင့်ခဲ့ကြတယ်။
၂၀၂၂-၂၃ ရာသီမှာ အူဘာမီယန်းက ၂၁ ပွဲကစားပြီး သုံးဂိုးသာ သွင်းယူနိုင်လို့ဝေဖန်ခံရတယ်။
မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ချယ်လ်ဆီးကိုတစ်ကျော့ပြန်ရောက်လာတဲ့လူကာကူလည်း
၂၀၂၁-၂၂ ရာသီမှာ ၅၈ ပွဲကစားပြီး ၁၅ ဂိုးသာသွင်းယူနိုင်ခဲ့တာပါ။ လူကာကူက အင်တာမီလန်၊ နာပိုလီတို့မှာ
ဂိုးတွေသွင်းပြီး ချန်ပီယံဆုပါယူပြခဲ့လို့ ချယ်လ်ဆီးရဲ့ ကျောနံပါတ် ၉ ကျိန်စာ ကြောက်စရာကောင်းတယ်ဆိုတာ မြင်သာခဲ့တယ်။
အဂ်လန်ရဲ့No 9 ကြယ်ပွင့်အသစ်လို့ထင်ရှားဖူးတဲ့ အေဘရာဟမ်လည်း ချယ်လ်ဆီးရဲ့
ကျောနံပါတ် ၉ ကိုဆက်ခံမိပြီး နာမည်ပျက်ခဲ့ရတယ်။
နှစ်ရာသီအတွင်းမှာ ၈၂ ပွဲကစားပြီး ဂိုးသုံးဆယ်သာသွင်းနိုင်ခဲ့တာပါ။
ဟီဂွာအင်၊ ဖယ်လ်ကာအိုတို့လို သွင်းဂိုးမုဆိုးတွေလည်း ချယ်လ်ဆီးကစားသမားမှ ဆယ်ဂိုးပြည့်အောင်
မသွင်းယူနိုင်ခဲ့ပါဘူး။ ဟီဂွာအင်က ငါးဂိုး၊ဖယ်လ်ကာအိုက တစ်ဂိုးသာ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ယော်အိုပတ်ဒရိုက ချယ်လ်ဆီးရဲ့အထောင်တိုက်စစ်မှူး ကျိန်စာဆိုးကို ဖယ်ရှားပစ်နေတယ်။
ယော်အိုပတ်ဒရိုက ချယ်လ်ဆီးပရိသတ်အချစ်တော် ဒီယေဂိုကော်စတာနောက်ပိုင်း တစ်ရာသီအတွင်း
သွင်းဂိုး ၂၀ နဲ့အထက်သွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။
အလွန်ဆိုက ဟာလန်းလိုတိုက်စစ်မှူးလို့ ယော်အိုပတ်ဒရိုကို အမွှမ်းတင်ပေမယ့်
တကယ်ဆိုရင် ယော်အိုပတ်ဒရိုက ဟာလန်းထက်ပိုပြီး တိုက်စစ်ကိုအကျိုးပြုနိုင်တယ်။
ဂိုးသွင်းတတ်ရုံမဟုတ်ဘဲ တိုက်စစ်အခင်းအကျင်း တစ်ခုလုံးကို ပုံဖော်ပေးနိုင်တယ်။
နောက်ချန်တိုက်စစ်မှူး၊ No 10 Role ၊ ကွင်းလယ်လူတွေအဖြစ် အသုံးတော်ခံနိုင်တယ်။
ဘန်ဇီမာနဲ့ပွဲပေါင်းနှစ်ရာနီးပါး တွဲကစားဖူးတဲ့ အလွန်ဆိုက " ယော်အိုပတ်ဒရိုကိုကြည့်ရင်း ဘန်ဇီမာကို
ကျွန်တော်အမှတ်ရလာမိတယ်။ သူကဘန်ဇီမာလိုပဲ ဂိုးဧရိယာထဲကောင်းမွန်တယ်၊ ဂိုးဧရိယာအပြင်ဘက်မှာလည်းကောင်းမွန်တယ်။
ဘယ်တောင်ပံထွက်ကစားနိုင်သလို၊ ခေါင်းတိုက်ဂိုးလည်းသွင်းယူနိုင်တယ်။ပြီးပြည့်စုံ၊ ထက်မြက်တဲ့ကစားသမားပါ" လို့ ချီးကျုးတယ်။
ယော်အိုပတ်ဒရိုက ချယ်လ်ဆီး တိုက်စစ်တာဝန်ကို ထူးချွန်စွာထမ်းရွက်ရင်း ကာလရှည်အမြစ်တွယ်နေတဲ့
ချယ်လ်ဆီးရဲ့ကျောနံပါတ် ၉ ကျိန်စာကိုဖယ်ရှားမယ့်သူပါ။