အက်သလက်တီကိုနဲ့ ပွဲအပြီး မန်ယူဘုတ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့မိတဲ့အတွက် နည်းပြ ကာရစ်၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးအပြီးမှာ လူမှုကွန်ရက်ကနေ ပြန်လည်တောင်းပန်ခဲ့ရတဲ့ မာတီနက်ဇ်ရဲ့ အခြေအနေ သုံးသပ်ချက်။
မန်ယူအသင်းဘုတ်အဖွဲ့ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ မာတီနက်ဇ်ပြန်လည်တောင်းပန်လိုက်ပါပြီ။
အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ပြီးနောက် မာတီနက်ဇ်က မန်ယူရဲ့လူစာရင်းဟာချန်ပီယံလိဂ်
ကစားနိုင်လောက်တဲ့အရည်အသွေးမရှိဘူးလို့ပြောခဲ့သလို ကစားသမားကောင်းမဝယ်ပေးတဲ့ဘုတ်အဖွဲ့ကိုလည်း ပြစ်တင်ခဲ့ပါတယ်။
မာတီနက်ဇ်ရဲ့ဝေဖန်မှုကို မန်ယူအသင်းဂန္ထဝင်ဖာဒီနန်၊ ဝိန်းရွန်နီ၊ အာဆင်နယ်ဂန္ထဝင် အွန်နရီတို့က မပြောသင့်ဘူးဆိုပြီး ပြစ်တင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့က မာတီနက်ဇ်၊ မန်ယူအသင်းနည်းပြကာရစ်နဲ့ မန်ယူအသင်းထိပ်ပိုင်းခေါင်းဆောင်တွေဆုံတွေ့ပြီး
အပြန်အလှန် ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။ အဲဒီနောက် မာတီနက်ဇ်က သူ့ရဲ့လူမှုကွန်ရက်ကနေ
" မန်ယူအသင်းနည်းပြ၊ မန်ယူအသင်းထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ အပြုသဘောဆောင်စွာ ဆွေးနွေးပြောဆိုခွင့်ရခဲ့ပါတယ်။
အက်သလက်တီကိုနဲ့ပွဲအပြီးဖြစ်ရပ်အတွက် ပွင့်ပွင့်လင်းလင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
ကျွန်တော်က စိတ်ဓာတ်ပြင်းပြပြီး ဘောလုံးအားကစားနဲ့အတူအသက်ရှင်နေသူပါ။
အက်သလက်တီကိုအသင်းကို ရှုံးပြီးနောက် အဲဒီအချိန်တုန်းက ခံစားခဲ့ရသမျှကို ပြောခဲ့မိတယ်။
အခုတော့စိတ်ထဲဘာမှမရှိတော့ပါဘူး။ ပြောခဲ့မိတာတွေအတွက်လည်းတောင်းပန်ပါတယ်" လို့ အသိပေးခဲ့ပါတယ်။
မာတီနက်ဇ်က အခုလိုမျိုးတောင်းပန်ခဲ့ပေမယ့် မန်ယူအသင်းက ပြစ်ဒဏ်ချမှတ်အရေးယူသွားဖွယ်ရှိပါတယ်။
မန်ယူအသင်းကလက်ရှိအချိန်မှာ ရလဒ်တွေဆိုးရွားနေပြီး ပရီးမီးယားလိဂ် ၆ ပွဲကစား၊ ၆ မှတ်သာရထားသလို
ချန်ပီယံလိဂ်နှစ်ပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနဲ့ဖိအားဝင်နေပါတယ်။ လိဂ်ဖလားမှာလည်း မန်ယူအသင်းက စောစောစီးစီထွက်ထားရပါတယ်။
မာတီနက်ဇ်က မန်ယူအသင်းရဲ့အဖြစ်မှန်ကိုပြောခဲ့တာ ဖြစ်ပေမယ့် ပြန်ပြီးတောင်းပန်ခဲ့ရသလို၊
လက်ရှိရာသီကုန်ရင်စာချုပ်သက်တမ်းပြည့်မယ့် သူ့ရဲ့မန်ယူကစားသမားဘဝအနာဂတ်ကလည်းမရေမရာ ဖြစ်လာပါတယ်။