ခြေစွမ်းကျဆင်းမှု၊ အချစ်ရေးကံခေမှုတွေနဲ့အတူ ဆံပင်ဆွဲလို့ ၄ ပွဲပယ်ခံရတာကြောင့် အယ်လ်ကလက်စီကို (El Clasico) လွဲချော်မယ့် ရီးယဲလ်တိုက်စစ်မှူး ဗင်နီစီယက်စ်ရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေများအကြောင်း သုံးသပ်ချက်။
လက်ရှိအချိန်မှာ ဗင်နီစီယက်စ်ရဲ့ ဘဝက ရှုပ်ရှုပ်ထွေးထွေးနိုင်လွန်းပါတယ်။
တချို့ကလည်းပြောကြတယ်၊ အခုမြင်နေရတာ ဗင်နီစီယက်စ် အစစ်မဟုတ်ဘူး၊ အတုကြီးဆိုပဲ၊
V Shape မျက်နှာကြီးဖြစ်အောင် ခွဲစိတ်တဲ့အချိန်မှာ ဗင်နီစီယက်စ်က ခန္ဓာကိုယ်ပါလဲခံလိုက်ရတယ်ဆိုပြီး ကောလာဟလ ထွက်ခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ ကာလက ဗင်နီစီယက်စ် အတွက် ကိစ္စ သိပ်များခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အောင်ပွဲမရလို့ ဗင်နီစီယက်စ် စိတ်လေခဲ့တယ်။
ပြီးတော့ ရီးယဲလ်အသင်းနဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေဖြစ်ခဲ့တယ်။ အာဆင်နယ်ကို ရောက်မလို ဖြစ်ခဲ့တယ်။
အခုလည်း ဗင်နီစီယက်စ်က ဆံပင်ဆွဲလို့ လေးပွဲပယ်ခံလိုက်ရတယ်။ တကယ်ဆိုရင် အဲဒီ ဗီလာရီးယဲလ်နဲ့ပွဲမှာ ဗင်နီစီယက်စ်က အရန်လူဖြစ်ခဲ့တာပါ။
ပြီးခဲ့တဲ့ဧပြီလနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ဗင်နီစီယက်စ် အရန်ခံထိုင်ခဲ့ရတာပါ။ မော်ရင်ဟိုက ဗင်နီစီယက်စ် မသုံးဘဲ ဒီယိုမန်ဒီကို ယုံကြည်ခဲ့တာပါ။
လက်ရှိရာသီမှာ ရီးယဲလ်ပရိသတ်တချို့က ဗင်နီစီယက်စ်ကို မကြည်ဖြူဘဲ လှောင်ပြောင်နေကြပါတယ်။ မော်ရင်ဟိုကတော့ ဗင်နီစီယက်စ်ဘက်ကနေ ရပ်တည်ပေးခဲ့ပါတယ်။
" ဗင်နီက အမြဲတမ်းကြိုးစားနေပြီး အကောင်းဆုံး ဖြစ်ချင်သူပါ။ အခုထက်ပိုပြီးကောင်းမွန်စွာ ဆက်ဆံခံရသင့်ပါတယ်" လို့ မော်ရင်ဟိုပြောခဲ့တယ်။
ဗီလာရီးယဲလ်နဲ့ပွဲတုန်းက ၅၂ မိနစ်မှာလူစားဝင်လာပြီး ဗင်နီစီယက်စ်ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကံဆိုးစွာပဲ ဂိုးမရတဲ့အပြင် ဗီလာရီးယဲလ်က နာသန်ဆာလီဘာကို ဆံပင်ဆွဲတယ်ဆိုပြီး ဗင်နီစီယက်စ် ထုတ်ပယ်ခံလိုက်ရပါတယ်။
ဗင်နီစီယက်စ်က လာလီဂါအဖွဲ့ချုပ်က သူ့ကို ကြည့်မရလို့ လေးပွဲပယ်ခဲ့တယ်ဆိုပြီး ယူဆနေတယ်။
" နောက်ဆုံးအကြိမ် လေးပွဲဲပယ် ခံရတဲ့ ကစားသမားကဘယ်သူလဲဆိုတာ မမှတ်မိတော့ဘူး" လို့ ပြောပြီးသူပြစ်ဒဏ်က ပြင်းထန်လွန်းတဲ့အကြောင်း ဝေဖန်ခဲ့တယ်။
ဆံပင်ဆွဲလို့ အနီကတ်ပြခံရတာအတွက် ဗင်နီစီယက်စ် လက်ခံပေမယ့် ဒိုင်ကိုရိုင်းပြတဲ့စကားတစ်ခွန်း မပြောပေမယ့် လေးပွဲပယ်ခံရလို့ စိတ်ပျက်နေတာပါ။
ဗင်နီစီယက်စ်အတွက် နောက်ထပ်စိတ်ပျက်စရာက ရီးယဲလ်အတွက် ၆ ပွဲဆက် ဂိုးမသွင်းနိုင်တာပါ။
ပြီးတော့ ဗင်နီစီယက်စ်ကအသည်းကွဲရောဂါ ခံစားနေရပါတယ်။
ဘရာဇီးလ်-အမေရိကန်ကပြား ရုပ်သံအစီအစဉ် တင်ဆက်သူ ဗာဂျီးနီးယားဖွန်ဆီကာနဲ့ ဗင်နီစီယက်စ် ပြတ်စဲခဲ့တာပါ။
ရိုးမားကို အနိုင်ရတဲ့ပွဲမှာ ဗင်နီစီယက်စ်က အစွမ်းပြခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာဗင်နီစီယက်စ်က " အခုအချိန်မှာ ကျွန်တော်က အကောင်းဆုံးပုံစံ မဟုတ်ပါဘူး။
ကျွန်တော့်အတွက် ဆိုးရွားတဲ့ အခိုက်အတန့်တွေ၊ ဝေဖန်သံတွေရှိနေချိန်မှာလည်း ရီးယဲလ်အတွက်အမြဲတမ်းရပ်တည်ပေးခဲ့ပါတယ်။
မကြာခင်မှာ ပုံစံကောင်းပြန်ရပြီး ဂိုးတွေသွင်းနိုင်မယ်လို့ သံသယမရှိယုံကြည်ပါတယ်" ဆိုပြီးပြောခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဗင်နီစီယက်စ်ရဲ့လတ်တလော အခြေအနေက စိတ်ရှုပ်စရာတွေများပါတယ်။
အဲဒီကာလကနေ ဗင်နီစီယက်စ် လွတ်မြောက်ချင်နေပြီ။