ကိုမိုအသင်းကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် နည်းပြ မိုက်ကယ်ကာရစ်ရဲ့ နည်းဗျူဟာကို ဝေဖန်ခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ သူတို့နှစ်ဦးကြားက စိတ်ဝမ်းကွဲမှုပြဿနာများအကြောင်း သုံးသပ်ချက်။
မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းရဲ့ဥရောပဘောလုံးသမိုင်းတစ်လျှောက် အရှက်ရစရာအကောင်းဆုံးညတစ်ညကို ရင်ဆိုင်ရပြီးနောက်
နည်းပြ မိုက်ကယ်ကာရစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ကိုမိုအသင်းကို ချန်ပီယံလိဂ်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့လို့ ကာရစ်ရဲ့နည်းပြရာထူး အနာဂတ်က ပိုပြီးလှုပ်ခတ်ခဲ့တယ်။
ကိုမိုနဲ့ပွဲအပြီးမှာ မိုက်ကယ်ကာရစ်က အီတလီမြေအထိ လိုက်ပါအားပေးတဲ့ မန်ယူပရိသတ် ၇၀၀ ခန့်ကို သွားရောက်တောင်းပန်ခဲ့ပါတယ်။
ဒါပေမဲ့ ကွင်းထဲမှာစိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မန်ယူကစားသမားတွေကို ဂရုမစိုက်ဘဲ လျစ်လျှူရှုခဲ့ပါတယ်။
သူ့ရဲ့အပြုအမူဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဝက်ဖို့ဒ်အသင်းကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ၂၄ နာရီ အကြာမှာ ထုတ်ပယ်ခံရတဲ့ အိုလီ ဆိုးလ်ရှားရဲ့ အပြုအမူမျိုးပါ။
TNT Sports နဲ့ ပွဲအပြီးအင်တာဗျူးမှ.ဘရူနို ဖာနန်ဒက်စ်က "ပြိုင်ဘက်ကစားသမားတစ်ဦးချင်းစီကို လူကပ်ပြီး ဖိအားပေးကစားတာ မလုပ်ဖို့၊
တစ်ခါတလေ နောက်ဘက်မှာ နေရာလွတ်တွေ ချန်ထားပြီး ဘောလုံးပြန်ရအောင် ကြိုးစားဖို့ဆိုတာ နည်းပြအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပါ။
ဒါပေမဲ့ တစ်ခါတလေမှာ ဒီလိုအသင်းမျိုးကို ဘောလုံးပိုင်ဆိုင်ခွင့် အများကြီးပေးလိုက်ရင် သူတို့က ယုံကြည်မှု ပိုရှိလာတတ်ပါတယ်။
အဲဒါကို ဆုံးဖြတ်သုံးသပ်ရတာ နည်းပြနဲ့ နည်းပြအဖွဲ့ရဲ့ တာဝန်ပါ။ ကျွန်တော့်တာဝန် မဟုတ်ပါဘူး။
တစ်ခါတလေမှာ ပြိုင်ဘက်ရဲ့ ဖိအားပေးမှုအောက်မှာ ပိုပြီး ရဲရဲဝံ့ဝံ့ ကစားဖို့ လိုပါတယ်။
ရှေ့တန်းအထိ တက်ပြီး ဖိအားပေးကစားဖို့ စွန့်စားရပါမယ်။ ဒါမှ ပြိုင်ဘက်ကို သက်သောင့်သက်သာ မကစားနိုင်အောင် လုပ်နိုင်မှာပါ" လို့ ဝေဖန်ခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်ရဲ့ဝေဖန်မှုအ ပေါ် မိုက်ကယ်ကာရစ်က
"ဘယ်လိုကစားကွက်စနစ်ပဲ သုံးသုံး၊ ဘယ်လိုနည်းဗျူဟာပဲ ချမှတ်ချမှတ်၊ အဲဒီထဲမှာ အရေးပါတဲ့အချက်တစ်ခု ရှိပါတယ်။
ခင်ဗျားတို့ မပြေးဘူး၊ ရှေ့ကိုလည်း မပြေးဘူး၊ နောက်ကိုလည်း ပြန်မပြေးဘူးဆိုရင်တော့ ဘယ်လိုမှ အနိုင်ရမှာ မဟုတ်ပါဘူး" လို့ တုံ့ပြန်ခဲ့တယ်။
မန်ယူရဲ့ဆိုးရွားစုတ်ပြတ်လွန်းတဲ့ကာလမှာ နည်းပြမိုက်ကယ်ကာရစ်နဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်တို့ကြား စိတ်ဝမ်းကွဲနေကြပါပြီ။
ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ရပါမယ်။