ပွဲကစားခွင့်မရလို့ အသင်းကနေ ထွက်ခွာသွားတဲ့ စီရော်နယ်လ်ဒိုကို ပြန်လာဖို့ တံခါးဖွင့်ထားဆဲဖြစ်ပေမဲ့ ပွဲထွက်ခွင့်ကိုတော့ အာမခံမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ပေါ်တူဂီနည်းပြ ဂျီးဆပ်ရဲ့ သဘောထားမှတ်ချက်။
ပေါ် တူဂီအသင်းနည်းပြ ဂျီးဆပ်က စီရော်နယ်လ်ဒို ပြန်လာမယ်ဆိုရင် တံခါးဖွင့်ထားဆဲလို့ ပြောလိုက်ပါတယ်။
အသက် ၄၁ နှစ်အရွယ် စီရော်နယ်လ်ဒိုက နော်ဝေအသင်းနဲ့နေးရှင်းလိဂ်ပထမပွဲမှာ လေ့ကျင့်ခန်း ဆင်းပြီးမှ
လူစားဝင်ကစားခွင့်မရလို့ စိတ်ပျက်ဒေါသထွက်ကာ ပေါ် တူဂီအသင်းကနေ ထွက်ခွာခဲ့ပါတယ်။
စီရော်နယ်လ်ဒိုက ပေါ် တူဂီအသင်းအတွက် ပွဲပေါင်း ၂၃၄ ပွဲ၊ သွင်းဂိုးပေါင်း ၁၄၆ ဂိုးအထိ စံချိန်တင်သွင်းယူထားသူပါ။
ဒါပေမဲ့ နည်းပြ ဂျီးဆပ်လက်ထက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးပြီး ပေါ်တူဂီကစားသမားဘဝဇာတ်သိမ်းမလှမယ့်အခြေအနေ ဖြစ်လာတယ်။
ဂျီးဆပ်နဲ့ စီရော်နယ်လ်ဒိုက အယ်လ်နာဆာအသင်းနဲ့အတူ ဆုဖလားတွေအတူယူဖူးလို့ ပေါ်တူဂီအသင်းမှာလည်း လက်တွဲညီမယ်လို့မျှော်လင့်ခဲ့ကြတာပါ။
ဒါပေမဲ့ အခြေအနေတွေကတင်းမာခဲ့ပြီး ပေါ်တူဂီအတွက် စီရော်နယ်လ်ဒိုထပ်ကစားဖို့ မရေမရာဖြစ်လာတယ်။
ဂျီးဆပ်က စီရော်နယ်လ်ဒိုကို လေ့ကျင့်ခန်းဆင်းခိုင်းပြီးမှ မကစားခိုင်းတာက နည်းပြတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်လို့ ပြောကာ သဘောထားတင်းမာခဲ့ပါတယ်။
အခုအခါမှာတော့ ဂျီးဆပ်က " သူပြန်ကစားချင်တယ်ဆိုရင် လက်ရွေးစက်အသင်းဆီပြန်လာနိုင်ပါတယ်။
နောက်တစ်ခါ လူရွေးချယ်မှုမတိုင်ခင် ကျွန်တော်တို့ ဆွေးနွေးနိုင်ပါတယ်။ ဒါပေမဲ့ဆုံးဖြတ်ရမယ့်သူက စီရော်နယ်လ်ဒိုပါ" လို့ပြောတယ်။
ဂျီးဆပ်က စီရော်နယ်လ်ဒိုကို ရွေးခဲ့ချိန်မှာလည်း ပွဲကစားခွင့်ပေးမယ်ဆိုပြီး အာမခံချက်မပေးခဲ့ပါဘူး။
" သူ့ကိုလိုအပ်တယ်လို့ပဲပြောခဲ့တာပါ။ ကစားခွင့်ပေးမယ်လို့ အာမ မခံခဲ့ပါဘူး။ အခုလည်း ပေါ် တူဂီအတွက် စီရော်နယ်လ်ဒိုကို လိုအပ်ပါတယ်။
ဒါပေမဲ့ ပွဲထွက်ခွင့်တော့အာမ မခံပါဘူး" လို့ ဂျီးဆပ်ပြောခဲ့တယ်။
စီရော်နယ်လ်ဒိုမရှိချိန်မှာ ပေါ် တူဂီအသင်းတိုက်စစ်ကို ဂွန်ကာလိုရာမို့စ် ဉီးဆောင်နေပြီး သုံးပွဲဆက်ဂိုးသွင်းထားပါတယ်။
ပေါ်တူဂီအသင်းက လက်ရှိရာသီ နေးရှင်းလိဂ်မှာ လေးပွဲစလုံးအနိုင်ရထားပြီး ရလဒ်ကောင်းနေပါတယ်။
ပေါ် တူဂီနောက်ခံလူ ကန်ဆယ်လိုက " စီရော်နယ်လ်ဒိုက ကျွန်တော်တို့အတွက် ခေါင်းဆောင်ကောင်းပါ။
သူပြန်လာရင်ကြိုဆိုနေမှာဖြစ်ပေမယ့် ပေါ်တူဂီအသင်း နိုင်ပွဲရဖို့ကအရေးကြီးဆုံးပါ" လို့ ပြောလိုက်ပါတယ်။
ပေါ်တူဂီနည်းပြ ဂျီးဆပ်က စီရော်နယ်လ်ဒိုကို ပြန်လာခွင့်ရှိတယ်လို့ တံခါးဖွင့်ထားပေမယ့် ပေါ်တူဂီဟာ စီရော်နယ်လ်ဒိုမရှိလည်း အဆင်ပြေနေပါတယ်။