အာဆင်နယ်အသင်းရဲ့ ချန်ပီယံအိပ်မက်ကို ဝေးကွာစေခဲ့တဲ့ အမှားကနေတစ်ဆင့် အာတီတာရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး ဆောက်သမ်တန်၊ နယူးကာဆယ်တို့မှာပါ ဇာတာကျဆင်းနေတဲ့ ဂိုးသမား ရမ်စ်ဒေးလ်ရဲ့ အကြောင်း။
၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းမှာ ရမ်စ်ဒေးလ်က ပရီးမီးယားလိဂ်ချန်ပီယံရနံ့ကို ရရှိခဲ့ဖူးတယ်။
ဒါပေမဲ့ ရမ်ဒေးလ်ရဲ့အမှားကြောင့် ဆောက်သမ်တန်နဲ့ သုံးဂိုးစီသရေကျပြီး အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက် တိမ်းမှောက်ခဲ့တယ်။
တကယ်လို့များ အဲဒီပွဲမှာသာ အာဆင်နယ်နိုင်ခဲ့ရင် မန်စီးတီးလက်ထဲ ချန်ပီယံဖလား ရောက်စရာ အကြောင်းမရှိပါဘူး။
အဲဒီဖြစ်ရပ်ဟာ ရမ်ဒေးလ်ရဲ့အာဆင်နယ်ကစားသမားဘဝအဆုံးသတ်စေမယ့် လမ်းစ ဖြစ်လာတယ်။
အာတီတာရဲ့ ယုံကြည်စိတ် ကုန်ခမ်းသွားစေခဲ့တယ်။
ဆောက်သမ်တန်နဲ့ ပွဲအပြီး၊ လေးလအကြာမှာ အာတီတာက ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာကို ခေါ် လိုက်တယ်။
ရမ်ဒေးလ်ကို ချောင်ထိုးလိုက်တယ်။
ရမ်ဒေးလ်ရဲ့အာဆင်နယ်ကစားသမားဘဝအစမှာကတည်းက သံသယတွေကပ်ငြိခဲ့တယ်။
တန်းဆင်းသွားတဲ့ရှက်ဖီးလ်ယူနိုက်တက်က ဂိုးသမားတစ်ယောက်ကို ဘာလို့များ ပေါင် ၂၄ သန်းပေးပြီး ခေါ်လိုက်တာလဲလို့ အာတီတာမေးခွန်းထုတ်ခံရတယ်။
ဝေဖန်သံတွေ၊ သံသယတွေကို ရမ်ဒေးလ်က သူ့ရဲ့Great Save တွေနဲ့ဖုံးအုပ်ခဲ့တယ်။
အာဆင်နယ်ကစားသမားဘဝ ပထမဆုံးရာသီမှာပဲ ရမ်ဒေးလ်က ပရိသတ်အချစ်တော်ဖြစ်လာတယ်။
၂၀၂၁-၂၂ ရာသီ၊ လက်စတာနဲ့ပွဲမှာ ရမ်ဒေးလ်ရဲ့ ဖရီးကစ်ကန်ချက်ကာကွယ်ပုံကို ဒိန်းမတ်ဂန္ထဝင် ဂိုးသမားပီတာရှမိုက်ကယ်က
" ကြည့်ဖူးသမျှထဲ အကောင်းဆုံးကာကွယ်မှု" ဆိုပြီး ချီးကျူးဖူးတယ်။
ဆောက်သမ်တန်နဲ့ပွဲက အမှားကြောင့် ပုံရိပ်ကျဆင်းရပေမယ့် ရမ်ဒေးလ်က PFA တစ်နှစ်တာအကောင်းဆုံးအသင်းမှာ
ရွေးချယ်ခံရသလို၊ London Football Awards မှာလည်း တစ်နှစ်တာအကောင်းဆုံး ဂိုးသမားအဖြစ် ထည်ဝါခဲ့တယ်။
၂၀၂၃-၂၄ ရာသီမှာ ရမ်ဒေးလ် ဘုံပျောက်ခဲ့ပါပြီ။ ဒေးဗစ်ရာယာက သူ့နေရာကို လုယူနိုင်ခဲ့တယ်။
အာတီတာရဲ့ယုံကြည်စိတ်ကို သိမ်းပိုက်နိုင်ခဲ့တယ်။
ရမ်ဒေးလ်က ပရီးမီးယားလိဂ်လေးပွဲသာကစားခွင့်ရတဲ့အထိ ဇာတာကျခဲ့ပါတယ်။
၂၀၂၄ ခုနှစ် မတ်လအတွင်းကစားတဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ရမ်ဒေးလ်အမှားကြောင့် ဂိုးထပ်ပေးရပြီးနောက်
အာတီတာက ကစားခွင့်ထပ်မပေးတော့ဘဲ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်းမှာတော့ ဆောက်သမ်တန်ကို ရောင်းထုတ်ခံရတယ်။
ဆောက်သမ်တန်ကစားသမားဘဝမှာလည်း ရမ်ဒေးလ်ရဲ့ကံဇာတာက ဆက်လက်ညိုးရော်ခဲ့တယ်။
ဆောက်သမ်တန်က ရမှတ် ၁၂ မှတ်သာရပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဒုတိယအမှတ်အနည်းဆုံးအသင်းအဖြစ် စံချိန်ဆိုးခဲ့သလို၊
ရမ်ဒေးလ်ကလည်း ၆၆ ဂိုးအထိပေးခဲ့ရတယ်။
ဆောက်သမ်တန်နဲ့အတူ တန်းဆင်းရတာဟာ ရမ်ဒေးလ်ရဲ့ကစားသမားဘဝမှာ လေးကြိမ်မြောက် တန်းဆင်းရတာပါ။
၂၀၂၅-၂၆ ရာသီမှာ နယူးကာဆယ်နဲ့အတူ ချန်ပီယံလိဂ်ကစားခွင့်ရပေမယ့် ရမ်ဒေးလ်ရဲ့ အကောင်းဆုံးအခိုက်အတန့်တွေ ပြန်မလာတော့ဘူး။
နစ်ပုပ်ရဲ့နောက် အရန်ဂိုးသမားအဖြစ်သာ ရမ်ဒေးလ် ရပ်တည်ခဲ့ရပြီး နယူးကာဆယ်အတွက် ၂၃ ပွဲကစားတာ Clean Sheet ၂ ပွဲသာရခဲ့တယ်။
လက်ရှိရာသီမှာ ရမ်ဒေးလ်က ဆောက်သမ်တန်အရိပ်အောက် ပြန်လည်ခိုလှုံနေပြီး တစ်ပွဲမှကစားခွင့်မရသေးဘူး။
ရမ်ဒေးလ်ရဲ့အသင်းဖော်ဟောင်း ဘီဂိုဗစ်က " သူ လက်စွမ်းပြတာမြင်ချင်ပါသေးတယ်။
အခုအခြေအနေက ရမ်ဒေးလ်အတွက် စိတ်ပျက်စရာပါ" လို့ ပြောတယ်။
တစ်ချိန်တုန်းက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဂိုးသမားစာရင်းဝင် ရမ်ဒေးလ်အတွက် လောကဓံရဲ့အထိအတွေ့ဟာ ကြမ်းတမ်းနေတယ်။