ကမ္ဘာပေါ်မှာ ဘောလုံးနဲ့ပတ်သက်လို့ လွှမ်းမိုးမှုအကြီးဆုံးလူကို ပြပါဆိုရင် ပီလီ၊ မာရာဒိုနာ၊ မက်ဆီ၊ ရော် နယ်ဒို စသဖြင့် နည်းမျိုးစုံပြောလောက်ကြပေမဲ့ မဖြစ်မနေ ပြကိုပြရမယ့် အကြွင်းမဲ့တစ်ဦးကတော့ ယိုဟန်ခရိုက်ဖ်ပါပဲ။ ဒါကိုတော့ ဘောလုံးနဲ့ပတ်သက်တဲ့လူတိုင်း လက်ကိုလက်ခံကြရမှာပါ။ အဲဒီလောက် အထိ ယိုဟန်ခရိုက်ဖ်ဟာ ကြီးမားပါတယ်။ အဲဒီလောက်အထိလည်း သက်ရောက်မှုရှိပါတယ်။ အမွေအ နှစ်ကလည်း များပြားပါတယ်။
ကစားသမားဘဝရော နည်းပြဘဝမှာပါ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့အပြင် ဘောလုံးလောကဆီ အတွေး အမြင်သစ်တွေ ယူလာပေး၊ ကစားဟန်အသစ်တွေ ယူလာပေးခဲ့တဲ့သူဖြစ်တာကြောင့် ဘောလုံးအ ကြောင်းလေ့လာကြတဲ့အခါ သူ့အကြောင်းက မဖြစ်မနေကို ထည့်သွင်းရမယ့် ပြဌာန်းစာအုပ်တစ်အုပ်လို ပါပဲ။ သူဟာ ကစားသမားဘဝမှာကတည်းက အိုင်းယက်စ် အသင်းနဲ့ နယ်သာလန် အယ်ရီဒီဗီစီ လိဂ်ကို ၈ ကြိမ်ရယူဖူးပါတယ်။ ၃ နှစ်ဆက် ၂ ကြိမ်ရယူနိုင်တာပါ။ နယ်သာလန်ပြည်တွင်းဖလားဖြစ်တဲ့ KNVB Cup ကိုလည်း ၅ ကြိမ်ရယူခဲ့ပြီး လက်ရှိချန်ပီယံလိဂ်ဖြစ်နေတဲ့ တခါက ဥရောပဖလားကြီးကို ၃ ကြိမ်ရယူဖူးပါ တယ်။ ၃ နှစ်ဆက်တိုက်ကို ယူတာပါ။ ဥရောပစူပါဖလား တစ်ကြိမ်၊ အင်တာကွန်တီနန်တယ်ဖလား ၁ ကြိမ်လည်းရထားပါတယ်။
ဘာစီလိုနာကို ပြောင်းလာတော့လည်း လာလီဂါတစ်ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်ယူပေးခဲ့ပါတယ်။ ဖိယင် နုကို ပြန်သွားတော့လည်း အယ်ရီဒီဗီစီ ၁ ကြိမ်နဲ့ KNVB တစ်ကြိမ်ထပ်ယူပေးပြန်ပါတယ်။ နယ်သာလန် အသင်းနဲ့တော့ သူတို့ဟာ အမြဲတမ်းလို ဖလားနဲ့ကပ်ပြုတ်နေခဲ့ပြီး ၁၉၇၄ ကမ္ဘာ့ဖလားမှာ ဒုတိယပဲရဖူးပါ တယ်။ ဒါပေမဲ့ အဲဒီကမ္ဘာ့ဖလားဟာ အမှတ်ရချင်စရာပါ။ အဲဒီကမ္ဘာ့ဖလားပြိုင်ပွဲ ဆွီဒင်အသင်းနဲ့ပွဲမှာ ယို ဟန်ခရိုက်ဖ်ဟာ ဘယ်တုန်းကမှ မရှိဖူးသေးတဲ့ လှည့်ကွက်တစ်ခုကို ကမ္ဘာကြီးဆီ ချပြခဲ့ပါတယ်။ ကိုယ့် နောက်ကို လိုက်ကပ်နေတဲ့ နောက်တန်းကို ခွါထုတ်နိုင်တဲ့လှည့်ကွက်တစ်ခုပါ။ ဘောလုံးကို ပေးလိုက် တော့မလို လုပ်ပြီးမှ နောက်ကိုဆွဲလှည့်ပြီး လှည့်ထွက်တဲ့ အကွက်ဖြစ်ပါတယ်။ ကမ္ဘာတစ်ခုလုံး ဝိုးကနဲ ဖြစ်ခဲ့ရပြီး အဲဒီအကွက်ကို အခုတော့ ယိုဟန် ခရိုက်ဖ်ရဲ့ နောက်လှည့်ထွက်ဟန် Cruyff turn လို့ ခေါ်နေ ကြပါပြီ။
ဥရောပဖလားမှာလည်း တတိယတစ်ကြိမ်ရဖူးပြီး ကစားသမားဘဝကအနားယူချိန်မှာတော့ သူက နာမည်ကျော်နည်းပြတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
အိုင်းယက်ကို ကိုင်တဲ့အချိန်မှာ KNVB Cup တစ်ကြိမ်၊ ဥရောပ Cup Winners’ Cup တစ်ကြိမ်ရယူပေး ခဲ့သလို ဘာစီလိုနာကို ရောက်သွားတော့လည်း အောင်မြင်မှုတွေအလီလီပါပဲ။ လာလီဂါဖလား ၄ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ စပိန်စူပါဖလား ၁ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ Cup Winners’ Cup တစ်ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်တို့ကို ရယူပေးခဲ့တာပါ။ အဲဒီချန်ပီယံလိဂ်ဟာ ဘာစီလိုနာတို့ ရဖူးတဲ့ ချန်ပီ ယံလိဂ် ၅ ကြိမ်အနက် ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တဲ့ဖလားပါ။ ၁၉၉၂ မှာ သူ ဦးဆောင်ပြီး ယူပေးတော့ မှပဲ ဘာစီလိုနာတို့ ဒီဖလားကြီးနဲ့ နီးစပ်ပါတော့တယ်။
အောင်မြင်မှုတွေအပြင် သူ့ရဲ့ Total Football ဆိုတဲ့အယူအဆဟာလည်း မော်ဒန်ဘောလုံးလောကအ ပေါ် အကြိးကြီးသက်ရောက်မှုရှိခဲ့ပြီး ဒီနေ့ခေတ် ဘောလုံးကမ္ဘာဟာ ခရိုက်ဖ်ရဲ့ လွှမ်းမိုးမှုအများအပြား ပါဝင်နေတဲ့ ဟန်ပါ။ လူငယ်တွေကိုမွေးထုတ်ပေးတဲ့ပုံစံတွေမှာလည်း သူက အာရုံအကြီးအကျယ်စိုက် ထားတာကြောင့် နာမည်ကျော်ပါတယ်။ လာမာစီယာကို ဒီနေ့ပုံစံဖြစ်လာအောင် ပုံစံပြောင်းချပေးခဲ့ တာ သူပါပဲ။ အဲဒီအပြင်သူ ဘောလုံးကစားတုန်းကလည်း နည်းစနစ်အရမ်းကြေညက်တာကြောင့် ဘောလုံး ဖိနပ်စီးထားတဲ့ ပိုင်သာဂိုရပ်လို့ကို ခေါ်ကြပါတယ်။
ဒီနေ့မှာ အောင်မြင်အောင် လုပ်ဖို့ ခက်လာပြီဖြစ်တဲ့ ၃-၄-၃ ဆိုတဲ့စနစ်ဟာ သူစပြီး သွတ်သွင်းခဲ့တာဖြစ် ပြီး ဘောလုံးပိုင်ဆိုင်မှုကို အသာယူပြီး ပြိုင်ဘက်ကို ဖိကစားဖို့ သူ ဖော်ထုတ်ခဲ့တာပါ။ ဘောလုံးကို ပိုထိ တွေ့လေလေ ခရိုက်ဖ်ရဲ့ လက်ရာခြေရာတွေကို ပိုမြင်ရလေလေပါပဲ။